PUBLIC HEALTH REQUIREMENTS FOR TRAVELERS ENTERING MYANMAR
Posted on Saturday, 01 July 2023
နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့
ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ
(၁- ၇ -၂၀၂၃)
၁။ ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် (Health Declaration Form)ကို မြန်မာ နိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့ တင်ပြ ရမည်။
[ကျန်းမာရေးကြေညာချက်တွင် မည်သည့်အချက်အလက်ကိုမဆို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်ပါမည်။]
၂။ နိုင်ငံခြားသားခရီးသွားများအနေဖြင့်ကိုဗစ်-၁၉ဆိုင်ရာကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားအားသက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံသို့တင်ပြရမည်။
(နိုင်ငံခြားသားခရီးသွားများအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရ/ ကျန်းမာရေးအာမခံ လုပ်ငန်းများထံမှ လည်းကောင်း၊ နိုင်ငံတကာအသိအမှတ်ပြု ကျန်းမာရေးအာမခံ လုပ်ငန်းများထံမှလည်းကောင်း ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး အာမခံအပါအဝင် ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကျန်းမာရေးအာမခံဝယ်ယူခြင်း အားကင်းလွတ်ခွင့်ပြုပါမည်။ အထက်ဖော်ပြပါ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထား မတင်ပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူရပါမည်။ အသေးစိတ်ကို မြန်မာ့အာမခံလုပ်ငန်း website Myanma Insurance (mminsurance.gov.mm) တွင် လေ့လာနိုင်ပါသည်။)
၃။ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းတို့ကို ခံယူရမည်။
၄။ ခရီးသွားများတွင် ကိုယ်အပူချိန်မြင့်တက်ခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိပါက RDT နည်းဖြင့် စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါရှိကြောင်း တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်း သီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကုသရေးလုပ်ငန်းလမ်းညွှန်များအတိုင်း ကုသမှုခံယူရမည်။နိုင်ငံခြားသားခရီးသည်များနှင့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် အဆိုပါကုန်ကျစရိတ်များ ကျခံရမည်။
၅။ မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်။
၆။ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ ၎င်းတို့ သွားရောက်မည့် (သို့မဟုတ်) ခရီးတစ်ထောက်ရပ်နားမည့် နိုင်ငံများ၏ လိုအပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးမှု ပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့် ဆောင်ရွက်နိုင်သည်။
၇။ ခရီးသည်များအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ပြီးနှင့်လိုက်နာရန်ပျက်ကွက်ပါကဥပဒေအရအရေးယူဆောင်ရွက်သွားမည်။
၈။ ဤသတ်မှတ်ချက်များသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည်။
၉။ ဤသတ်မှတ်ချက်များသည် ၁-၇-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှ စတင် သက်ဝင်မည်ဖြစ်ပြီး "နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၂၂-၃-၂၀၂၃)" ကို အစားထိုး မည် ဖြစ်ပါသည်။